Tuesday, October 13, 2015
I Cor 13: 13
ဒီကျမ်းပိုဒ်ကို ဖတ်တဲ့အခါမှာ ယုံကြည်ခြင်း ၊ မျှော်လင့်ခြင်း ၊ ချစ်ခြင်း ဆိုတဲ့ အရာ သုံးခုကို တွေ့နိုင်ပါတယ်။လောကမှာ အသက်ရှင်တဲ့အခါမှာ ကောင်းကြီးမင်္ဂလာ ခံစားဖို့အတွက် ဒီအရာတွေဟာ အဓိကကျပါတယ်။ဘယ်သူမဆို ကောင်းကြီးမင်္ဂလာ မခံစားချင်တဲ့လူဆိုတာ မရှိပါဘူး။ဒါ့ကြောင့် ဘုရားပေးတဲ့ ကောင်းကြီးမင်္ဂလာ ရဖို့အတွက် ဒီအရာ သုံးခုကို ဘယ်လို အသုံးပြုမလဲဆိုတာ ဝေငှသွားပါ့မယ်။
       ၁။ ယုံကြည်ခြင်း
            ကျွန်တော်တို့ ဒီကျမ်းပိုဒ်ကို ဖတ်တဲ့အခါမှာ ယုံကြည်ခြင်း အကြောင်းကို တွေ့ရပါတယ်။ယုံကြည်ခြင်းဆိုတာ ခရစ်ယာန်တိုင်း သိထားပြီးသားပါ။ခရစ်တော်ကို ယုံကြည်မှသာ ထာဝရအသက်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
         ကျွန်တော်တို့ ခရစ်ယာန်တွေ Sunday တိုင်းမှာ ဘုရားကျောင်း အမြဲသွားတိုင်းလည်း ယုံကြည်တယ်လို့ မဆိုနိုင်ပါဘူး။ကျွန်တော် အသက် ၁၂ နှစ်ပြည့်တော့ အမေက " ပါးဘင် မင်း အသက် ၁၂နှစ်ပြည့်ပြီဆိုတော့ ရေနှစ်ခြင်းခံ            ဖို့ လိုပြီ " လို့ပြောပါတယ်။ဒါနဲ့ပဲ ကျွန်တော် အသက် ၁၂ နှစ်မှာ ရေနှစ်ခြင်း မင်္ဂလာကို ခံယူပါတယ်။အဲဒီတုန်းကတော့ နှစ်ခြင်းခံပြီဆိုတော့ ဘုရားကျောင်းမှာ တစ်လတစ်ခါ ပွဲတော် မင်္ဂလာ ယူလို့ရပြီဆိုပြီးပျော်တာပေါ့။ဒါပေမဲ့ ဘာ ဖြစ်လို့ရေနှစ်ခြင်း ခံယူတာလဲ၊ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုဆက်လက် နေထိုင်ရမှာလဲ ဆိုတာတွေကို မစဉ်းစားခဲ့တာတော့ အမှန်ပါ။အသက်ငယ်သေးတာလဲ ပါရင်ပါမှာပေါ့။အမေပြောတော့ နှစ်ခြင်းခံပြီးရင် တမလွန်ခရီး လှပြီတဲ့။       ကြီးလာတော့မှ နှစ်ခြင်းခံယုံနှင့် မလုံလောက်တော့ဘူးဆိုတာ သိလာတယ်။တကယ်တော့ ကောင်းကင်နိုင်ငံ ၀င်စားရဖို့က သခင်ယေရှုကို စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်မှသာ ၀င်စားခံရမှာပါ။
Lk 18:8 မှာ သခင်ယေရှုက ပြောပါတယ် "  လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လော.." လို့ သခင်ယေရှုက ပြောထားပါတယ်။ဒီကျမ်းပိုဒ်ကို သေချာစဉ်းစားကြည့်မယ်ဆိုရင် သူကြွလာတဲ့အခါ လူတစ်ယောက်ကမှ သူ့ကို ယုံကြည်မှာ မဟုတ်ဘူးလို့လည်း ယူဆလို့ရပါတယ်။ဆိုတော့ ဒီနေ့ ကျွန်တော်တို့တွေ သေချာ စမ်းစစ်ဖို့ လိုအပ်လာပါပြီ။နောက်ဆုံးသော ကာလလည်းဖြစ် ၊ ချီဆောင်ခြင်းနေ့ရက်ကလည်း နီးနေပြီ ဒါ့ကြောင့် သခင်ယေရှုခရစ်တော်ကို လုံးဝ ရာနှုံးပြည့် ယုံကြည်ပြီလားဆိုတာ ကျွန်တော်တို့ သေချာ စမ်းစစ်ရပါမည်။သို့မှသာ တမလွန်အရေး စိတ်ချရပါမည်။
အခုလို နည်းပညာခေတ်ကြီးထဲမှာဆိုရင် တချို့က ယုံကြည်ဖို့ တွန့်ဆုတ်တတ်ကြပါတယ်။သိပ္ပံနည်းအရ ၊ ယုတ္တဗေဒနည်းအရ မဖြစ်နိုင်ဘူး စသဖြင့် ဆင်ခြေဆင်လက်တွေ
ပေးတတ်ကြပါတယ်။ဘုရားမဲ့ဝါဒီတွေကလည်း သမ္မာကျမ်းစာကို မမှန်ကန်တဲ့အကြောင်းတွေကို သက်သေပြနိုင်ဖို့အတွက် လေ့လာရှာဖွေကြပါတယ်။ဒါတွေကို ကျွန်တော်
တို့က လိုက်ပြီးယုံကြည်နေဖို့ မဟုတ်ပါဘူး။
ကျွန်တော် website တစ်ခုမှာ ဖတ်ရတယ်။ နှစ်ပေါင်း ၁၅၀၀ လောက် သက်တမ်းရှိတဲ့ ကျမ်းစာကို Turkey နိုင်ငံမှာ သုတေသနရှာဖွေသူတွေကတွေ့ကြတယ်။ပြီးရင် အဲဒီ ကျမ်းစာထဲမှာက တမန်တော် Barnabas က သခင်ယေရှုခရစ်တော်ဟာ ရှင်ပြန်ထမြောက်ခြင်း မရှိဘူးလို့ပြောပြီး ၊ တမန်တော် ရှင်ပေါလုဟာဆိုရင် ဟန်ဆောင် လိမ်ညှာပြီး
လိုက်လံတရားဟောတဲ့သူလို့ ဆိုထားပါတယ် ဆိုပြီး ဖတ်ရတယ်။
ဒါကို ကျွန်တော်တို့က လိုက်ယုံကြည်နေဖို့ မဟုတ်ပါဘူး။ဒါဟာ စာတန်ရဲ့ လုပ်ဆောင်ချက်သာ ဖြစ်ပါတယ်။နောက်ဆုံးသောကာလမှာ စာတန်ကလည်း လူတွေ ကောင်းကင်နိုင်ငံရောက်သွားမှာကို သိပ်ကြောက်ပါတယ်။ဒါ့ကြောင့် သူက နည်းလမ်းပေါင်းမြောက်များကို အသုံးချမှာ ဖြစ်တဲ့အကြောင်းကို ကျွန်တော့်တို့ အမြဲသိထားရပါ့မယ်။စာတန်ရဲ့ နည်းပရိယာယ်တစ်ခုပါပဲ။အရေးအကြီးဆုံးကတော့ ကျမ်းစာရဲ့ သွန်သင်ချက်တွေဟာ အမှန်ကန်ဆုံး မမှားနိုင်ဘူးဆိုတာကို ယုံကြည်နေဖို့ပါပဲ။သူတို့တွေ့တဲ့ ကျမ်းစာ ထက် ကျွန်တော်တို့ အခုလက်ရှိ သုံးနေတဲ့ ကျမ်းစာ ပိုပြီး သက်တမ်းရင့်ပါတယ်။
မိမိကိုယ်ကို အမြဲတမ်း ယုံကြည်ခြင်းကို စမ်းစစ်နေဖို့ လိုအပ်ပါတယ်။ဝတ္တရားအရ ၀တ်ပြုနေတာတွေ ၊ ချီးမွမ်းနေတာတွေဟာ ယုံကြည်ခြင်း မဟုတ်ပါဘူး။ဒီနေ့လို နည်းပညာ ခေတ်ကြီးထဲမှာ အရာရာဟာဆိုရင် တိုးတက်ပြောင်းလဲနေပါတယ် ၊ တစ်နေ့ပြီး တစ်နေ့ တိုးတက်မှုက အရမ်းကို မြန်နေပါတယ် ။ ဒါ့ကြောင့် ဒီလို တိုးတက်ပြောင်လဲနေခြင်း
သည် သမ္မာကျမ်းစာ ပြည့်စုံဖို့ ဖြစ်ပါတယ်။ဒီလိုခေတ်ကြီးထဲမှာ ကျွန်တော် ဘာကို ၊ ဘယ်သူ့ကို ယုံကြည် ကိုးကွယ်နေတာလဲဆိုတာ တိတိကျကျ ကိုယ့်ကိုကိုယ် သိနေဖို့ အရေးကြီးဆုံး လိုအပ်ချက်ပါပဲ။
လောကမှာအောင်မြင်ခြင်းရဖို့က ကြိုးစားဖို့ လိုတယ်ဆိုပေမယ့် ၊ အဲဒီကြိုးစားမှုဟာ ဘုရားသခင်အပေါ်ကို အမှီပြုရပါမယ့် ဒါမှ ကျွန်တော်တို့ရဲ့ကြိုးစားခြင်းသည် ပိုပြီးတော့ 
အကျိုးရှိပါလိမ့်မည်။ Hebrews 10: 1 မှာဆိုရင် ယုံကြာ်ခြင်းဆိုတာ မမြင်ရသေးတဲ့ အောင်မြင်မှုတွေကို မြင်ရပြီလို့ သိမှတ်စွဲလမ်းခြင်းလို့ ပြောထားပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့တွေ ဘုရားသခင်ကို တကယ်ယုံကြည်ပြီး အောင်မြင်မှုကို ဆွတ်ခူးကြပါစို့။
၂။ မြော်လင့်ခြင်း
      Proverbs 10 : 28
    ကျွန်တော်တို့ ဒီကျမ်းပိုဒ်မှာတွေ့ရတဲ့ မြော်လင့်ခြင်းအကြောင်းကို ဆက်ပြီး ဝေငှသွားပါ့မယ်။ Proverbs 10 : 28 ထဲမှာဆိုရင် "ဖြောင့်မတ်သောသူ၏ မျှော်လင့်ခြင်းသည်
ဖြောင့်မတ်ရာသို့ရောက်ကြတဲ့သူတွေပါ။ကိုယ့်ရဲ့အကျင့်စာရိတ္တအားဖြင့် ဖြောင့်မတ်တာ မဟုတ်ပါဘူး။ဒါ့ကြောင့် ဘုရားသခင်ပေးမယ့် ကောင်းကြီးမင်္ဂလာတွေဟာ ကတိတော် အတိုင်း ပေးဖို့ ဘုရားသခင်ဟာ သစ္စာနှင့် ပြည့်စုံတဲ့ဘုရားဖြစ်ပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ရဲ့အောင်မြင်ခြင်း ၊ ၀မ်းမြောက်ခြင်း ကောင်းကြီးမင်္ဂလာ ခံစားရမယ့် မျှော်လင့်
ခြင်းတွေကို ဘုရားသခင်ဆီသို့သာ ဖြစ်သင့်ပါတယ်။
လူတစ်ယောက်ဆီကနေရမယ့် အကူအညီတွေကို မျှော်လင့်တာဟာ တကယ်ဖြစ်လာဖို့ ခဲရင်းပါတယ်။သို့သော်လည်း ဘုရားသခင်ကို မျှော်လင့်တာကျတော့ မဖြစ်ဘူးဆိုတာ
မရှိပါဘူး။သမီးရည်းစား နှစ်ယောက် ချိန်းတွေ့တော့ အရင်ရောက်လာတဲ့သူက နောက်ကျမှ ရောက်လာမည့်သူကို လည်ပင်း တဆန့်ဆန့်နဲ့ မျှော်တတ်ကြတယ်။ဒီလိုပဲ ရေတွက်လို့တောင်မှ မကုန်နိုင်မယ့် ကောင်းကြီးမင်္ဂလာတွေကို ပေးစွမ်းတဲ့ ဘုရားသခင်ကိုလည်း မျှော်လင့်တတ်ဖို့ လိုအပ်ပါတယ်။
လောကမှာရှိတဲ့အရာတွေကို မျှော်လင့်ရတာဟာ လူကို မောပန်းစေရုံသာမကပဲ ၀ိညာဉ်ကိုလည်း နွမ်းနယ်စေတတ်ပါတယ်။ဒါ့ကြောင့် ယုံကြည်သူ ညီအစ်ကို မောင်နှစ်မများ
ဘုရားသခင်ကိုသာ မျှော်လင့်စေချင်တယ်။မျှော်လင့်ချက်ကြီးကြီးမားမားထားပြီး အောင်မြင်အောင်ကြိုးစားခဲ့ပေမယ့် မျှော်သလို ဖြစ်မလာတဲ့အခါကျရင် စိတ်ဓါတ်ကျပြီး ကိုယ့်ကိုကိုယ် suiside လုပ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။မျှော်တိုင်းရစေတာဟာ ဘုရားသခင်သာဖြစ်တယ်။ကိုယ်မမျှော်လင့်တဲ့အရာ ၊ မျှော်မထားရဲတဲ့ အောင်မြင်မှုတွေကို ဘုရားသခင်က ကျွန်တော်၊ကျွန်မတို့ကို ယနေ့တွင်ပင် ပေးသနားပြီလို့ ယုံကြည်မျှော်လင့်လိုက်ပါစို့။ဒါ့ကြောင့် ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းတွေကို သူ့ဆီကို ပုံအပ်ကြပါစို့လို့ ခွန်အားပေးချင်ပါတယ်။
၃။ ချစ်ခြင်းမေတ္တာ
       I Cor 13: 1 - 8
   ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာမှာ အများကြီးဖော်ပြပါတယ်။ဒီချစ်ခြင်းမေတ္တာဟာဆိုရင် စကြ၀ဠာ တစ်ခုလုံးမှာမှ အရေးအကြီးဆုံးအချက်ဖြစ်တယ်လို့ဆိုချင်
ပါတယ်။ဘုရားသခင်ကိုယ်တော်တိုင်က လူသားတွေအပေါ်မှာထားတဲ့ သူ့မေတ္တာကို လျစ်လျူမရှုနိုင်ပဲ ဒီလောကကို အသက်ပေးဖို့ ဆင်းသက်ခဲ့တာပါ။ဒါဟာ ကျွန်တော်တို့ သူတစ်ပါးအပေါ်မှာ မေတ္တာထားတတ်ဖို့အတွက် အကြီးဆုံး ဥပမာ တစ်ခုပါပဲ။
ကိုယ့်မိသားစုအပေါ်မှာ ၊ အပေါင်းအသင်းတွေပေါ်မှာ ၊ ငယ်ရွယ်သူတွေအပေါ်မှာ ၊ ကိုယ့်ရန်သူတွေအပေါ်မှာ မေတ္တာထားရမယ်လို့ သခင်ယေရှုက မိန့်မှာထားပါတယ်။
တစ်ချို့က အပြင်မှာ မိတ်ဆွေတွေနဲ့ပျော်ပျော်ပါးပါး သုံးဖြုန်းပြီး အိမ်မှာကျတော့ ငွေကုန်တယ် ၊ အဲဒါ အပိုတွေပါဆိုပြီး ပြောတတ်ကြပါတယ်။တကယ်တော့ ဒီလို မဖြစ်သင့်ပါဘူး။သူတစ်ပါးအပေါ်မှာ မေတ္တထားတာထက် ပိုကြီးမားတဲ့မေတ္တာတရားကို မိသားစုအပေါ်မှာထားသင့်ပါတယ်။
လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတော့လည်း ပြောရခက်ပါတယ်။ဒါ့ကြောင့်သခင်ယေရှုရဲ့ချစ်ခြင်းမေတ္တာကို အမြဲသတိရပြီး မေတ္တာထားရပါ့မယ်။ချစ်ခြင်းမေတ္တာသည် အင်းအား
အကြီးဆုံး လက်နက်တစ်ခုပါ။ကိုယ့်ရန်သူတွေကတောင် ကိုယ့်ကို တန်ဖိုးထား ဂရုစိုက်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ဒါကြောင့် ဒီလောက်ကောင်းတဲ့ တန်ဘိုးဖြတ်လို့မရတဲ့ လက်နက်ကို ကိုယ့်ရဲ့ ကိုယ်ရံတော်အဖြစ် အမြဲတမ်း ဆောင်ရပါ့မယ်။
တမန်တော်ရှင်ပေါလုက ချစ်ခြင်းမေတ္တာသည် စိတ်ရှည်တတ်တယ် ၊ သည်းခံတတ်တယ် ၊ မ၀ါကြွားတတ်ဘူး ၊ ကျေးဇူးပြုတတ်တယ် လို့ပြောပါတယ်။ဒါ့ကြောင့် ဒီစိတ်သဘောတွေကို ကွန်တော်တို့တွေ လိုက်လျှောက်မယ်ဆိုရင် ဘုရားသခင်က ၀မ်းမြောက်လွန်းလို့ မျက်ရည်တောင်ကျမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ဒါတင်မကပါဘူး
ဘုရားသခင်က မရေတွက်နိုင်တဲ့ကောင်းကြီး မင်္ဂလာတွေကို ပေးပါလိမ့်မည်။
တစ်ခါက ဘုရားကျောင်းတစ်ခုမှာပေါ့ သင်းအုပ်ဆရာက ချစ်ခြင်းမေတ္တာအကြောင်း တရားဟောပါတယ်၊ ပြီးတော့ သူက "ကျွန်တော်တို့ အသင်းတော်က လူတွေလည်း အချင်းချင်း ချစ်ခြင်းမေတ္တာထားကြပါ" လို့ ဟောပါတယ်။ ဒါနဲ့ လူငယ်တွေလည်း ချစ်သူထားတာလဲ ကိုယ့်အသင်းတော်ထဲက လူတွေနဲ့ပဲ ချစ်ကြိုက်ကြပါတယ်။ဒီလိုနဲ့ လမ်းခွဲသွားကြတဲ့ လူငယ်စုံတွဲတွေကလည်း အသင်းတော်ထဲကပဲ လမ်းခွဲသွားကြတဲ့ လူငယ်တွေနဲ့ပဲ ပြန်ချစ်သွားကြပါတယ်။ဆိုတော့က အချင်းချင်း ရည်းစားပြောင်းသလို ဖြစ်သွားတာပေါ့။ဒါပေမယ့် ကိုယ့် အသင်းတော်ထဲကပဲဆိုတော့ တော်သေးတာပေါ့.(ဟဲဟဲ)။ဒီလိုနဲ့ ဘုရားကျောင်း တက်ကြတဲ့ တစ်နေ့မှာတော့ သင်းအုပ်ဆရာက အခု ကျွန်
တော်တို့ အသင်းတော်မှာ နာဘူးဝိညာဉ် လှုပ်ရှားနေပါတယ် ဒါ့ကြောင့် ကျွန်တော်တို့ နာနာဆုတောင်းပြီး မောင်းထုတ်ရပါမယ် လို့ပြောပါတယ်။ သခင်ယေရှုပြောတာက ၅၂၈ မေတ္တာကို ပြောတာပါ ၊ သင်းအုပ်ဆရာ ပြောတာလည်း ၅၂၈
ပါပဲ ။သူတို့ရဲ့ သူတို့ အသင်းတော်ကို ချစ်တဲ့စိတ်ကတော့ တော်တော်ကောင်းပါတယ်။
ဒီ့ထက် ပိုကောင်းတာကတော့ လူတိုင်းကို မေတ္တာထားဖို့ပါ။ဘုရားသခင် အလိုရှိတာလဲ အဲဒါပါ။ကူညီစရာရှိရင် ကူညီလိုက်ပါ ၊ ၀မ်းနည်းနေရင် ထပ်တူခံစားပြီး ၀မ်းနည်းပါ။ဒုက္ခရောက်နေရင် ဖေးမကူညီပါ ၊ ကိုယ့်ကိုယ် မုန်းနေရင်လည်း
နားလည် ခွင့်လွတ်ပေးပါ ဒါဆိုရင် ကိုယ်ကိုတိုင်လည်း စိတ်ကြေနူးပြီး ဘုရားသခင်ကိုယ်တိုင်လည်း ၀မ်းမြောက်လိမ့်မယ်။
လောကမှာ အသက်ရှင်တဲ့အခါ အောင်မြင်ခြင်းရယူဖို့အတွက် ဒီအရာ သုံးခုဟာ အင်မတန်ကို အရေးကြီးပါတယ်။ဒါ့ကြောင့် ကျွန်တော် ဒီသုံးခုသည် ကျွန်တော့်ကို ကာကွယ်ပေးပြီး အောင်မြင်ခြင်းရှိရာကို ခေါ်မယ့် bodyguard လို့ခေါ်ချင်
ပါတယ်။
အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။
 ကိုပါးဘင်
0 comments:
Post a Comment
Subscribe to RSS Feed Follow me on Twitter!